Loading...
8/6/11

လည်တိုင်ကြော့ရှင်း အလှဝင်းစေဖို့နည်းလမ်းလေးတစ်ချို့

ပျိုမေတိုင်း မျက်နှာအသားအရေကိုသာ ဂရုစိုက်ပြင်ဆင်ခြယ်သကြတာများပါတယ်။ လည်ပင်းနေရာကိုတော့ မိတ်ကပ်လိမ်းတဲ့ အခါမှသာ (ဒါတောင် ပွဲတက်တဲ့ အခါမှ) ဂရုစိုက်လိမ်းတတ်ကြပါတယ်။ လည်ပင်း နေရာဟာလည်း အမျိုးသမီးများအတွက် အလှအပ ဖော်ကျူးလှစ်ဟတဲ့ နေရာ တစ်နေရာဖြစ်တာမို့ အချိန်မှန်မှန် ဂရုမစိုက်ဘူးဆိုရင် နှစ်ဆယ့်ငါးကျော် လာတာနဲ့ လည်ပင်းအရေပြားဟာ သိသာထင်ရှားစွာ မျက်နှာအရေပြားနဲ့ ကွဲပြားခြားနားစွာ မည်းတူးခြင်း၊ အရေးအကြောင်း ထင်လာခြင်းတို့ ဖြစ်လာတတ်ပါတယ်။
ဟောလိဝုဒ်မှာဆိုရင်တော့ ဘက်ခမ်းမိန်းမ ဗစ်တိုးရီးယားဘက်ခမ်းဟာ လည်ပင်းအလှနဲ့ ပတ်သက်ရင် နာမည်ကြီးပါတယ်။ ကောင်းသော နာမည်ကြီးခြင်းနဲ့ ကြီးတာမဟုတ်ပါဘူး။ လည်ပင်းမလှလို့ နာမည်ကြီးတာပါ။ လည်ပင်းလှတဲ့ မင်းသမီးတွေကတော့ ဂျိုလီ၊ ကီရာနိုက်တလေတို့ပဲ ဖြစ်ပါတယ်။



လည်ပင်းအရေပြားတွန့်ခြင်း
လည်ပင်းက အရေပြားဟာ အရမ်းကို ပါးလွှာပြီး နူးညံ့ပါတယ်။ တကယ်လို့ ပျိုမေတို့ အနေနဲ့ ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်မှု မပြုခဲ့ဘူးဆိုရင် လည်ပင်းအရေပြားဟာ အရေးအကြောင်းတွေ ထင်လာမှာ ဖြစ်ပါတယ်။ သင့်တော်မှန်ကန်တဲ့ လည်ပင်း လေ့ကျင့်ခန်းတွေ ပြုလုပ်မှုမရှိရင်လည်း အချိန်မတိုင်ခင် လည်ပင်းအရေးကြောင်းဟာ ထင်လာတတ်ပါတယ်။ ဖော်ပြပါ လည်ပင်းပြဿနာများ အတွက် အောက်ပါဖြေရှင်း နည်းများကို အသုံးပြုပြီး လည်ပင်းအရေးအကြောင်းထင်ခြင်းမှ ကာကွယ်တားဆီး နိုင်ပါတယ်။
၁။ လည်ပင်းကို တည့်တည့်မတ်မတ်နဲ့ ခါးကို မတ်မတ်လေးထိုင်၊ ရပ်တဲ့အကျင့် လုပ်ပေးပါ။
၂။ လည်ပင်းအရေပြားကို ပုံမှန်သန့်ရှင်းရေး လုပ်ပေးပါ။ ဆဲလ်သေတွေ သေသွားအောင် Cleanser နဲ့ ပွတ်တိုက်ပေးပါ။
၃။ လည်ပင်းကို မှန်မှန်နှိပ်နှယ်ပေးပါ။ ဒါပေမဲ့ လက်ချောင်းကို အားထည့်ပြီးတော့ မနှိပ်ပါနဲ့။
၎။ ခေါင်းအုံးကို သိပ်အမြင့်ကြီး မအုံးပါနဲ့။ ခေါင်းအုံးနိမ့်နိမ့်လေးတွေ အုံးပေးပါ။
၅။ အလုပ်လုပ်ရင်လည်း ခေါင်းကို တည့်တည့်မတ်မတ်ထားပြီး ထိုင်ပေးပါ။ ကွန်ပျူတာ သုံးရင်လည်း ခါးမတ်မတ်၊ ခေါင်းမတ်မတ်နဲ့ ထိုင်ပေးဖို့လိုပါတယ်။
၆။ သိပ်ပြီး နူးညံ့အိစက်တဲ့ အိပ်ရာပေါ်မှာ မအိပ်ပါနဲ့။
၇။ နေ့စဉ် လည်ပင်းလေ့ကျင့်ခန်းပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။
၈။ အိပ်လို့ရှိရင် ဘေးစောင်းအိပ်ပေးပါ။ ဘယ်ဘက်ပဲဖြစ်ဖြစ်၊ ညာဘက်ပဲဖြစ်ဖြစ် အဆင်ပြေသလိုစောင်း အိပ်နိုင်ပါတယ်။
၉။ စတော်ဘယ်ရီသီးနဲ့ နွားနို့ရောစပ်ပြီး လည်ပင်းကို လိမ်းနိုင်ပါသေးတယ်။ စတော်ဘယ်ရီသီးမှာ အသားအရေအတွက် အကျိုးရှိစေတဲ့ ဓာတ်တွေ အများအပြား ပါဝင်ပြီး အရေပြားညစ်ညမ်းခြင်းအတွက် အကောင်းဆုံး ဖြေရှင်းပေးပါတယ်။ ပြီးသွားရင် Moisturizer လေး လိမ်းပေးရမှာ ဖြစ်ပါတယ်။
၁၀။ ပန်းသီးတစ်လုံး၊ ဖရဲသီး တစ်စိတ်တို့ကို ယူပြီး အရည်ညှစ်ချပါ။ အဲဒီ့နှစ်မျိုးပေါင်း အရည်ကိုမှ လည်ပင်းကို လိမ်းပေးရပါမယ်။ မိနစ် ၂၀ ကြာအောင် အခြောက်ခံပေးပါ။ ပြီးမှ ရေနွေးနဲ့ ဆေးပါ။ ရေနွေးနဲ့ ဆေးပြီးမှ ရေအေးနဲ့ တဖန်ပြန်ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ ရေနွေးနဲ့ ဆေးတာက အရေပြား သန့်ရှင်းသွားအောင် ဆေးပေးခြင်းဖြစ်ပြီး ရေအေးနဲ့ တစ်ဖန်ပြန်ဆေးတာက အရေပြားကို ပြန်ပြီးတင်းရင်းလာအောင် လုပ်လိုက်တဲ့ သဘောပဲဖြစ်ပါတယ်။ ဒီနည်းကို ခန္ဓာကိုယ်ပေါ်က တခြားအရေပြားတွဲ ကျတဲ့နေရာတွေ မှာလည်း အသုံးပြုနိုင်ပါတယ်။

၁၁။ ငှက်ပျောသီး၊ အာလူး၊ ခရမ်းချဉ်သီး စတဲ့အသီးတွေထဲက တစ်ခုခုနဲ့ အပတ်စဉ် လည်ပင်းကို လိမ်းပေးမယ်ဆိုရင် လည်ပင်းအရေပြား တွဲကျခြင်း တင်းရင်းချောမွတ် စေပါလိမ့်မယ်။

၁၂။ အရေပြား ညီညာချောမွေ့ချင်တယ်ဆိုရင်တော့ ရေချိုးရင်ပျားရည်နဲ့ လည်ပင်းကို လိမ်းပြီး ချိုးပေးပါ။

လည်ပင်းမည်းနေခြင်း
တချို့သော လည်ပင်း၊ လည်ကုတ်များဟာ မျက်နှာနဲ့ယှဉ်လိုက်ရင် သိသိသာသာ မည်းနေတတ်ပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့မှုများခြင်း၊ မျက်နှာအသားအရေကိုပဲ ဂရုစိုက်ပြီး လည်ပင်းအသားအရေကို ဂရုမစိုက်ခြင်းတို့ကြောင့် လည်ပင်းအရေပြားဟာ အချိန်ကြာလာတာနဲ့ အမျှ ပျက်စီးယိုယွင်းပြီး မည်းလာရတာ ဖြစ်ပါတယ်။ ဒီအတွက် အောက်ပါအတိုင်း ဖြေရှင်းကုသနိုင်ပါတယ်။ သဘာဝနည်းအရ ကုသမယ်ဆိုရင်တော့ ခရမ်းချဉ်သီးနဲ့ သံပရာအရည်တို့ကို သုံးချိုးတစ်ချိုးစီ ယူပြီး ပေါင်းစပ်သမပေးပါ။ ပြီးရင် လည်ပင်းကို လိမ်းပေးပါ။ လိမ်းပြီးရင် ၂၀ - ၂၅ မိနစ်အထိ အခြောက်ခံပေးရမှာ ဖြစ်ပါတယ်။ အခြောက်ခံပြီးမှရေနဲ့သေချာဆေးကြောပေးရမှာ ဖြစ်ပါတယ်။
နောက်တစ်နည်းကတော့ ဆား၊ လိမ္မော်ရည်၊ နနွင်းမှုန့် စစ်စစ်တို့ကို ရောပြီး ပျစ်နေအောင် ဖျော်ပါ။ ပြီးရင် လည်ပင်းကို လိမ်းပေးရပါမယ်။ လိမ်းတဲ့အခါမှာလည်း အသားထဲ စိမ့်ဝင်နေအောင် လိမ်းပေးရမှာ ဖြစ်ပါတယ်။ လည်ပင်းတစ်ဝိုက်ရှိ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အရေပြားကို ဝင်းမွတ်သန့်ရှင်းစေပါတယ်။ မှန်မှန်ပြုလုပ်ပေးမယ်ဆိုရင် အရေပြားဟာ ချောမွေ့လာပြီး တောက်ပရွှန်းလဲ့လာမှာ ဖြစ်ပါတယ်။

လည်ပင်းအသားအရေအတွက်
၁။ သခွားသီးကို အကွင်းလိုက် ထူထူလေးတွေ လှီးပါ။ သခွားသီးကို အခွံမခွာပါနဲ့၊ လည်ပင်းကို စက်ဝိုင်းပုံစံလေး လိမ်းပေးရမှာ ဖြစ်ပါတယ်။ ဆယ်ငါးမိနစ်လောက်နေပြီးမှ ပြန်ပြီး ရေနဲ့ ဆေးကြောပေးရမှာ ဖြစ်ပါတယ်။
၂။ ခရမ်းချဉ်သီးကို နှစ်ခြမ်းလှီးပြီး လည်ပင်းကို ပွတ်သပ်လိမ်း ပေးနိုင်ပါတယ်။ အပေါ်ကအတိုင်း ဆယ့်ငါးမိနစ်လောက် အခြောက်ခံပေးပြီးမှ ရေနဲ့ ဆေးကြောပေးရမှာ ဖြစ်ပါတယ်။

၃။ သံပရာသီးအခွံကို ထက်ခြမ်း ခြမ်းပြီးတော့လည်း လည်ပင်းကို လိမ်းပေးနိုင်ပါတယ်။ (၃-၄ရက် တစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်)

၎။ နို့နဲ့လည်း လည်ပင်းကို လိမ်းပေးနိုင်ပါတယ်။ ပန်းသီးကို ပါးပါးလေးလှီးပြီးတော့လည်း အသုံးပြုနိုင်ပါသေးတယ်။
ဒီနည်းတွေဟာ လည်ပင်းအသားအရေ ဖြူစင်စေခြင်း၊ ချောမွတ်စေခြင်း၊ အရေးအကြောင်း တတ်နိုင်သမျှ နည်းပါးစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေပါတယ်။ လည်ပင်းမှာ ဝက်ခြံပေါက်ခြင်းမှလည်း ကင်းဝေးစေပါတယ်။

လည်ပင်းအမွှေးများ ထူထပ်နေခြင်း
ကောင်မလေး တော်တော်များများ လည်မွှေးထူနေတာ မြင်ဖူးပါတယ်။ မေးစေ့နား တစ်ဝိုက်မှာလည်း အမွှေးတွေ ပေါက်နေတတ်ပါသေးတယ်။ ဒါဟာ ခန္ဓာကိုယ်တွင်းရှိ ဟော်မုန်းတွေ မညီမညွှတ်နဲ့ ကမောက်ကမ ဖြစ်နေလို့ပါ။ နောက်ထပ်ဖြစ်နိုင်တဲ့ အကြောင်းရင်းတစ်ချက်ကတော့ ဆေးထိုး၊ ဆေးသောက်ရာမှာ ဘေးထွက်ဆိုးကျိုး ထွက်ပြီး ပေါက်လာလို့ ဖြစ်ပါတယ်။ ဒီ့အတွက် နှုတ်နိုင်သလို၊ ခရင်မ်တွေလိမ်းပြီးတော့ ဖြေရှင်းနိုင်ပါတယ်။

ရေးသားသူ>>>>>လင်းလက်ကြယ်စင်

0 မှတ်ချက်များ:

Post a Comment


ကျေးဇူးတင်ပါတယ်

Labels

 
TOP